ကြောင်ကလေးသုံးကောင် အပိုင်း၁

မောင်လူအေးသည် ကြောင်၊ ခွေး၊ ကြက်တူရွေး၊ သာလိကာ၊ ပူး၊ ယုန်ခို၊ ကြက်ဝမ်းဘဲ အစရှိသော အိမ်တွင်အလှမွေးလေ့ ရှိကြသည့် တိရစ္ဆာန်များကို ခင်မင်လေ့မရှိ။ မိမိအိမ်တွင် မွေးထားရန် မဆိုထားဘိ။ သူတကာအိမ်တွင် မွေးထားသည်ကိုပင် စိတ်ရှုပ်လှလေပြီ။ မိမိဝန်ထောက်ဖြစ်ကာစက အိမ်တွင် ကြွက်များနှောင့်ယှက်လွန်းသဖြင့် ကြောင်မကြီး တစ်ကောင်ကို မွေးခဲ့ဘူး၏။ ထိုကြောင်မကြီးက ပေါက်ပွားသော

ကြောင်ကလေးများကို ခင်မင်ခဲ့ဖူး၏။သို့ရာတွင်ထိုမြို့မှ ပြောင်း ရွှေ ရသောအခါတွင် စိတ်ရှုပ်လှသောကြောင့် မိတ်ဆွေများအား ပေထားခဲ့လေသည်။ ထိုအခါမှစ၍ မောင်လူအေး၏အိမ်တွင် မည် သည့်တိရစ္ဆာန်မျိုးမှ မရှိချေ။

ဤနေရာ၌ ခင်သန်းမြင့် သည် မောင်လူအေးနှင့် ့သဘောချင်းမတူ ကြောင်မြင်လျှင် ကျွေးထားချင်၏ ခွေးလှလှက လေးများကိုမြင်လျှင် ခေါ်ထားချင်၏။ ကြက်တူရွေး၊ သာလိကာ၊ ကလေးများကိုမြင်လျှင် မွေးထားချင်၏။ သို့သော် မောင်လူအေးက ကန့်ကွက်လှသောကြောင့် အသာကြည့်၍ နေရရှာလေသည်။ ဤ အကြောင်းနှင့် ပတ်သက်၍ လင်မယားနှစ်ယောက် မကြာမကြာ အငြင်းပွားခဲ့ဘူးလေပြီ။
တစ်ရံခါသော် မောင်လူအေးတို့အိမ် မီးဖိုချောင်အနီးသို့ ကြောင်နက်မကြီး တစ်ကောင်ပေါက်၍ လာလေသည်။ ၎င်း ကြောင်မကြီးကား အလွန်ရိုင်းသော ကြောင်မကြီးဖြစ်၏။ မီးဖိုထဲမှ စွန့်ပစ်လိုက်သော ထမင်းကျန်၊ ဟင်းကျန်တို့ကို ကောက်စားပြီးလျှင် အိမ်တောင်ဘက် ဝါးရုံကြားထဲသို့ ဝင်သွားလေ့ရှိလေသည်။ မည်သူအားမျှ အနားအကပ်မခံချေ။ ၎င်း ကြောင်မကြီးသည် တောကြောင်နှင့် ခပ်ဆင်ဆင် တူနေလေတော့၏ ထွန်းဖေတို့

လင်မယား မကြာမကြာ ချော့၍ဖမ်းကြ၏ မရ၊ မကြာမကြာ ဝိုင်း၍ဖမ်းကြ၏ မမိ။

တစ်ခုသောနံနက်ခင်းတွင် မောင်လူအေးသည် စာရေးစားပွဲ၌ စာရေးသားနေခိုက် အိမ်တောင်ဘက်ဝါးရုံကြားထဲမှ ကြောင်သားကလေးများ၏ အော်သံကိုကြားရ၏ မောင်လူအေး ၏စိတ်ထဲတွင် ထူးဆန်းသည်ဟု ထင်မှတ်သောကြောင့် ဝါးရုံအ နားသို့သွား၍ စုံစမ်းကြည့်ရှုသောအခါ အိမ်ကြွက်သာသာခန့်ရှိသော ကြောင်သားကလေး သုံးကောင်ကို တွေ့ရလေသည်။ နှစ်ကောင်ကား အဖြူနှင့်အနက် အကျားကလေးများ ဖြစ်ကြ၏၊ ကျန်တစ်ကောင် ကား အနက်ကလေးဖြစ်လေသည်။

ထိုအခါကား ကြောင်မကြီး အစာရှာထွက်နေသောအခါပေတည်း။ မောင်လူအေး ၎င်းတို့ အနားသို့ ရောက်သွားသောအခါ ကြောင်ကလေးသုံးကောင်မှာ ကြောက်လှသောကြောင့် ဝါးရုံအောက်တွင် ပေါက်နေသော ဆူး ချုံကလေးအကြားတွင် ကုပ်လျက်နေကြကုန်၏။

Be the first to comment

Leave a comment

Your email address will not be published.


*