မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ”ပွင့်နေခြည်” ဇာတ်ပွဲကား တိမ်းမှောက်ပြီး (၅) ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူလည်း (၁၀) ဦးထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။
အောက်တိုဘာလ (၅) ရက်နေ့ ညနေ (၄) နာရီလောက်မှာ ဇာတ်အဖွဲ့ကားက ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။ ”လောလောဆယ် သေတာ
(၅) ယောက် ရှိတယ်.. အရေးပေါ်လူနာက (၁၀) ယောက် (၁၅) ယောက်လောက် ရှိမယ်… ခုမှ လူနာတွေကို ဆေးရုံကို တောက်လျှောက် ပို့နေတုန်းပဲ” လို့ ကယ်ဆယ်ရေးလုပ်နေတဲ့
ပရဟိတသမားတဦးက ပြောပါတယ်။ ကားပေါ်မှာ ယောကျ်ားလေး (၂၁) ယောက်နဲ့ မိန်းကလေး (၇) ယောက်ပါလာတာ ဖြစ်ကြောင်း၊ အဲ့ဒီထဲမှာ ယောကျ်ားလေး (၁၅) ယောက်၊
မိန်းကလေး (၅) ယောက်၊ အသက် (၂) နှစ်အရွယ် ကလေးငယ်တို့က ထိခိုက်ဒဏ်ရာရပြီး ပြင်းထန်ကာစိုးရိမ်ရပြီး (၅) ယောက်က သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရုပ်အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေးအသင်းတွေက မြဝတီဆေးရုံကို ပို့ဆောင်နေကြောင်း၊ သေဆုံးသူတွေက အမျိုးသားတွေချည်း ဖြစ်တယ်လို့
သိရပါတယ်။ တိမ်းမှောက်ခဲ့တဲ့ ”ပွင့်နေခြည်” ဇာတ်အဖွဲ့ ကားဟာ မော်လမြိုင်မြို့က ဇာတ်အဖွဲ့ ဖြစ်ပြီး မြဝတီကို ဇာတ်ကဖို့ သွားချိန် တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မြဝတီ-အာရှလမ်းမှာ အရင်ကလည်း ယာဉ်တိမ်းမှောက်မှုတွေနဲ့ ယာဉ်တိုက်မှု မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။
Be the first to comment