မန္တလေးက (၅) နှစ်သား ကလေး မောင်ဇွဲဝေယံထွန်းအား ပျောက်ဆုံးခဲ့ပုံနှင် ပြန်လည်တွေ့ရှိခြင်း ဖြစ်စဉ် အပြည့်အစုံ… ( တရားခံက ဘယ်လိုမှ ထင်မထားခဲ့သူ ဖြစ်နေ )

ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၁) ရက် မွန်းလွဲ (၂) နာရီကျော်တွင် မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံမြို့ရပ်ကွက် ၊ (၇၁) လမ်းနှင့် လမ်း(၃၀) ၊ (၃၁) လမ်းကြားရှိ မန္တလေး ခရောစ့်ဆင့်မုန့်ဆိုင်မှ အသက် (၅) နှစ်နှင့် (၄) လအရွယ် မောင်ဇွဲဝေယံထွန်းသည် အဘိုး ၊ အဘွား ဖြစ်သူတို့နှင့် အတူရှိနေစဉ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ မောင်ဇွဲဝေယံထွန်းသည် အခင်းဖြစ်ပွားသည့်နေ့က နေအိမ်အရှေ့တွင် ခုံဖြင့်ထိုင်ကာ ဆော့ကစားနေရာမှ ရုတ်တရက်

ပျောက်ဆုံးသွားခြင်း ဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ စီစီတီဗီများမှ တဆင့် ရှာဖွေခဲ့ကြတယ်လို့ သိရပါတယ်။ “ဘိုးအေဖြစ်သူက ကလေးကို ရေချိုးပေးမယ် ဆိုပြီး ကလေးကို အောက်ကိုခေါ်လိုက်တယ်။ ခေါ်ပြီးတော့မှ ဘိုးဘိုး ဂျုံဇကာစစ်လိုက်ဦးမယ် ငါ့သားခဏထိုင်ဦး ဆိုပြီး ပြောတော့ ကလေးက ထိုင်ခုံပေါ်မှာ ထိုင်ပြီး သေနတ်လေးနဲ့ ဆော့နေတယ်။ အဲလို ဆော့နေတဲ့ အချိန်မှာလည်း ဘွားအေဖြစ်တဲ့ ကိုယ်က “သားရေ ဇွဲရေ”ဆိုတော့ “ဗျာ”ဆိုပြီး ထူးတယ်။

သား အောက်မဆင်းနဲ့ ဆိုတော့ “ဟုတ်” ဆိုပြီး ပြောတယ်။ ဆော့နေတဲ့ နေရာကလည်း အိမ်ပေါ်နဲ့ (၅) ပေတောင် မရှိဘူး။ ကပ်နေတာ။ အဲဒီကနေ ​ဆော့​နေတဲ့ သေနတ်သံ ပျောက်သွားလို့ ခေါ်တော့ မထူးတော့ဘူး။ အဲဒါနဲ့ အိမ်က သားငယ် မင်းတူလေး ထွက်ကြည့်ဦး ဆိုပြီး ထွက်ကြည့်တော့ မရှိတော့ဘူး” ဟု မောင်ဇွဲဝေယံထွန်း၏ အဘွားဖြစ်သူက ကလေးစတင်ပျောက်ဆုံးပုံကို ရှင်းပြပါတယ်။ ပျောက်ဆုံးသွားတဲ့အတွက် အနီးပတ်ဝန်းကျင်ရှိ စီစီတီဗီများကို

အကူအညီတောင်းကာ ပြန်လည်ကြည့်ရှုရာ ကလေးငယ်သည် တောင်ဘက်သို့ ပြေးထွက်သွားသည်ကို တွေ့ရှိရတဲ့အတွက် ကလေးပြေးထွက်သွားတဲ့ လမ်းထောင့်ရှိ စီစီတီဗီကို စစ်ဆေးကြည့်ရာ ကလေးငယ် ထွက်လာသည်ကို မတွေ့ရှိရတော့ပဲ စီစီတီဗီ နှစ်ခု ရှိသည့်ကြားမှာ ပျောက်ဆုံး သွားခဲ့တာလို့ သိရပါတယ်။ မောင်ဇွဲဝေယံထွန်း ပျောက်ဆုံးမှုအတွက် ဖခင်ဖြစ်သူက လူမှုကွန်ရက်ပေါ်တွင် အကူအညီ တောင်းခံခဲ့ရာမှ သတင်းပျံ့နှံ့သွားပြီး တနိုင်ငံလုံးက

ပြည်သူများက စိတ်ဝင်စား ဝမ်းနည်းခဲ့ကြပြီး အမြန် ပြန်လည်တွေ့ရှိဖို့ ဆုတောင်းခဲ့ကြပါတယ်။ ယနေ့ (၁၆-၁၂-၂၀၂၂) ရက်နေ့ မနက်မှာတော့ (၅) ရက်ကြာ ပျောက်ဆုံးနေတဲ့ မောင်ဇွဲဝေယံထွန်းကို ဘေးချင်းကပ်လျက် တိုက်ခန်းမှာ ပြန်တွေခဲ့တယ်လို့ မိသားစုဝင်အသိုင်းဝိုင်းကနေ သိရပါတယ်။ “အဲ့နေ့နေ့လယ်က ကလေးက အိမ်ရှေ့မှာ ဆော့နေတာ ပျောက်သွားတာနဲ့ အိမ်အနီးနားပတ်ဝန်းကျင်က စီစီတီဗီတွေကို ကြည့်တော့ ကလေးက အဲ့ဒီအိမ်ရှေ့က သစ်ပင်နားတင်

ပျောက်သွားတာ လမ်းဘက်တွေ ထွက်သွားတာလည်း မတွေ့လိုက်ဘူး။ ဒီကနေ့မနက် ဘေးအိမ်က တယောက်က ဖုန်းဆက်လာတယ်။ မသင်္ကာလို့ ဒီအိမ်ထဲ ဝင်ရှာကြည့်စမ်းပါအုံး ဆိုလို့ ဝင်ရှာတာ အပေါ်ထပ်က အခန်းထဲမှာ ကလေးကို စောင်ခြုံထားတဲ့အနေအထားနဲ့ တွေ့တာပါ” လို့ မိသားစုဝင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ မောင်ဇွဲဝေယံထွန်းရဲ့ မိဘတွေနဲ့ မတည့်တဲ့ ဘေးအိမ်က အသက် (၅၀) အရွယ် အမျိုးသမီးက ခေါ်ယူထားတာ လို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးဟာ ကလေးကို အခန်းထဲ ထည့်ထားပြီး တံခါးသော့ပိတ်ထားတာ ဖြစ်ပါတယ်။ အမျိုးသမီးရဲ့ ယောက်ျားဖြစ်သူက မိန်းမ မူမမှန် ဖြစ်နေကြောင်း၊ အဆိုပါ အခန်းကို သော့ပိတ်ထားပြီး သူ့ကို အဝင်မခံကြောင်း သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့တာကြောင့် ဝင်ရောက် ရှာဖွေရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းအရ မောင်ဇွဲဝေယံထွန်းကို ခေါ်ဆောင်သွားတဲ့ အမျိုးသမီးဟာ မိဘတွေဆီကို ဗိုင်ပါကနေ ငွေ သိန်းသုံးထောင်

တောင်းခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ပျောက်ဆုံးနေတဲ့ ကလေးကို ဘေးမသီရန်မခ ပြန်လည်တွေ့ရှိခဲ့တာကြောင့် ပြည်သူများ စိတ်လှုပ်ရှားနေကြပြီး ဝမ်းသာနေကြပါတယ်။ ပျောက်ဆုံးနေသေးတဲ့ ကလေးတွေကို ဆက်လက် ရှာဖွေကြဖို့လည်း တွန်းအားတခု ဖြစ်စေခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ ကလေးတွေလည်း အမြန်ဆုံး ပြန်တွေ့နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။