ထိုင်း ထီ (18) သန်းပေါက်သည့် ဘုန်းတော်ကြီး ကျောင်းမှ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အကြောင်းရင်း…

ထိုင်းနိုင်ငံမှာ ဘုန်းတော်ကြီးတစ်ပါးဟာ ထိုင်းထီ ဘတ် (၁၈) သန်း ကံထူးရှင် ဖြစ်ခဲ့ပြီးတဲ့နောက် အလှူလာခံသူ များပြားလွန်းလို့ ဘုန်းတော်ကြီးကျောင်းကို စွန့်ခွါတိမ်းရှောင်နေရတဲ့ ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်။

ဘန်ကောက်မြို့ အပြင်ဘက်၊ နွန်သာဘူရီ အရပ်က ဝက်သင်နာခွန် ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးတဲ့ ဆရာတော် မွန်ထရီ ဆာမက်ဂျိုဟာ ပြီးခဲ့တဲ့ (၂၀၂၀) နိုဝင်ဘာလက ထိုင်းထီကံထူးရှင် ဖြစ်ခဲ့ပါတယ်။

ပထမဆု ဘတ် (၆) သန်းကို (၃) စောင်တွဲ ပေါက်ခဲ့တဲ့ ဆရာတော် မွန်ထရီဟာ ဆုကြေးငွေ ဘတ် (၁၈) သန်း ချီးမြှင့် ခံခဲ့ရတဲ့အတွက် သူ့ရဲ့ ကျောင်းကိုရော မရှိဆင်းရဲသားတွေကိုပါ ပြန်လည် လှူဒါန်းခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီသတင်းကို ကြားတဲ့သူတိုင်းဟာ ဆရာတော်မွန်ထရီထံ အလုအယက် လာရောက် အလှူခံကြလို့ သူ့ကျောင်းမှာ အလှူခံသူတွေ နေ့ရောညပါ ပြည့်နှက်နေပါတယ်။ ညဘက်တွေမှာပါ အလှူခံသူတွေ

တဖွဲဖွဲ လာရောက် နေတဲ့အတွက် ဆရာတော်ခမြာ ကောင်းကောင်း ကျိန်းစက်ခွင့်တောင် မရရှာဘဲ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးမှာ ဆရာတော်မွန်ထရီဟာ အလှူလာခံသူတွေကို သည်းမခံနိုင်တော့ဘဲ

ကျောင်းကနေ တိတ်တိတ်လေး ထွက်ပြေးတိမ်းရှောင်ပြီး လူမသိသူမသိ နေရာတစ်ခုမှာ သွားရောက် သီတင်းသုံး နေရပါတယ်။ ဒါတောင် သူ့ရဲ့ ကျောင်းကို အလှူခံသူတွေ ဆက်လာနေကြသေးလို့ ကျောင်းမှာ ကျန်ခဲ့တဲ့

ဘုန်းတော်ကြီးတွေက မလာကြဖို့ ပြောဆိုတားမြစ် နေကြတာကိုလည်း တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ သံဃာတော်တွေကို ထိုင်းထီ ထိုးတာ တားမြစ်ထားပေမယ့် ဆရာတော်မွန်ထရီဟာ ကျောင်းကိုလာပြီး အကူအညီတောင်းတဲ့ ထိုင်းထီ ရောင်းသူတစ်ဦးကို သနားလို့ ကူညီတဲ့အနေနဲ့ ဝယ်ယူပေးခဲ့တာလို့ သိရပါတယ်။