စာရေးဆရာ အကြည်တော် သတိပြန်ရလာပြီ….

ရုတ်တရက် နှလုံးရပ်သွား၍ ဆေးကုသမှု ခံယူနေရသည့် စာရေးဆရာ အကြည်တော် သတိပြန်ရလာပြီ ဟု မိသားစုဝင်များက ပြောသည်။ “သူ သတိရလာတာတော့ ဟုတ်တယ်… သူ မျက်စိတွေ ပွင့်လာတယ်…

ပွင့်လာပြီး သူ ဟိုဘက် ဒီဘက် စကားပြောနေတာတွေကို လိုက်ကြည့်တယ်.. လုံး၀ အရှင်းကြီးတော့ မဟုတ်သေးဘူး.. ဒါပေမဲ့ မနေ့ကနဲ့စာရင် တိုးတက်လာတယ်ပေါ့နော်.. သူ လူတွေကိုလည်း သိနေတယ်..

ဘယ်သူ ဘယ်သူဆိုတာ သိနေတယ်…ပြန်ပြောလို့ မရသေးဘူး..” ဟု စာရေးဆရာအကြည်တော်၏ မိသားစုဝင်တစ်ဦးက ဆိုသည်။ လွန်ခဲ့သည့် တစ်ပတ်က စာရေးဆရာ အကြည်တော်သည် ရုတ်တရက် နှလုံးရပ်သွားကာ

ကျန်းမာရေးအခြေအနေ စိုးရိမ်ရ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပင်လုံဆေးရုံကြီး၌ ဆေးကုသနေရခြင်းလည်း ဖြစ်သည်။ စာရေးဆရာ အကြည်တော်သည် ကိုဗစ် နှစ်ကြိမ်ဖြစ်ဖူးသူ ဖြစ်ပြီး

ယင်းမှတစ်ဆင့် အသံ တဖြည်းဖြည်းပျောက်သွားသည့် အတွက် စစ်ဆေးကြည့်ရာ လည်ချောင်းနှင့် လည်ပြွန်ကြားတွင် ကင်ဆာဖြစ်နေသည်ဟု အဖြေထွက်ထားကြောင်း၊ ယင်းကြောင့် ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေခဲ့ရပြီးနောက်

မြန်မာနိုင်ငံသို့ ရောက်သည့်ညတွင် ရုတ်တရက် ကျန်းမာရေးမကောင်း ဖြစ်သွားခြင်းကြောင့် ချက်ချင်းပင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပင်လုံဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပါသည်။